ပေါက်ခေါင်း စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရပ်သစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါမြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေ ပေးအပ်ပွဲတွင် ဦးစွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးခင်မောင်ဝင်းက မတည်ရန်ပုံငွေများလွှဲပြောင်းပေးအပ်ရခြင်းရည်ရွယ်ချက်များနှင့် ကျေးလက်ဦးစီးဌာနမှဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကြောင်းအထောက်အကူပြုလုပ်ငန်းများဖွင့်လှစ် သင်ကြားပေးနိုင်မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းမတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကျင်းပရာ ရပ်သစ်ကျေးရွာအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်ပြုလုပ်မည့် ကျေးရွာပြည်သူများထံသို့ ရန်ပုံငွေသိန်း(၅၀၀)ကို မြစိမ်းရောင်စီမံကိန်းတာဝန်ခံများက တစ်ဆင့်ပြန်လည်ထုတ်ပေးခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)