မြဝတီ စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာ စကားပြောကြားရာ ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများကင်းဝေစေဖို့နှင့် ပြောင်းလဲလာတဲ့ရာသီဥတုကို ပြန်လည်ထိန်းသိမ်းပေးနိုင်ပြီး မြင့်တက်နေတဲ့ ကမ္ဘာ့အပူချိန် လျှော့ချဖို့ ဆက်လက်ဆောင်ရွက်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video အားပြသပြီး စာစီစာကုံး ပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။
ယင်းသို့ အထိမ်းအမှတ်နေ့များအတွက် ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့ကြရာ၌ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ၆ ဦးနှင့် အလယ်တန်းအဆင့် ၁၂ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များနှင့် နံရံကပ်ပြဘုတ်များအား အခမ်းအနားတက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)