ခမောက်ကြီး စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြို့ဓမ္မာရုံအား စတင်တည်ဆောက်နိုင်ရေးအတွက် ပန္နက်တင်နှင့် အုတ်မြစ်စီမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ မင်္ဂလာအခမ်းအနားတွင် ခမောက်ကြီးမြို့ တိလောကာရုံစာသင်တိုက်မှ ဆရာတော်၊ သံဃာတော်ရှင်သူမြတ်တို့က သရဏဂုံနှင့် ငါးပါးသီလ ခံယူစောင့်တည်ပေးခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်သရဇဉ်ခြင်းနှင့် အနုမောဒနာတရား ချီးမြှင့်ပေးခဲ့ သည်။ ထို့နောက် ဓမ္မာရုံဖြစ်မြောက်ရေးအတွက် လှူဒါန်းခဲ့ကြသော အလှူ ရှင်များအားလည်း အကျိုးတော်ဆောင်အဖွဲ့များမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ ကြသည်။
ယင်းနောက် ဓမ္မာရုံ တည်ဆောက်မည့်နေရာ၌ သံဃာတော်များမှ ဦးဆောင်၍ သာသနိကအဆောက်အဦ တည်ဆောက်ခြင်းဆိုင်ရာ ဝိနည်းများနှင့်အညီ ပန္နက်တင်ခြင်း၊ အုတ်မြစ်စီ ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဓမ္မာရုံပန္နက်တင်နှင့် အုတ်မြစ်စီမင်္ဂလာအခမ်းအနားသို့ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများ၊ ဓမ္မာရုံဖြစ်မြောက်ရေးအကျိုးတော်အဖွဲ့များနှင့် အလှူရှင်များ၊ မြို့နေပြည်သူများနှင့် ပရဟိတလူငယ်အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)