ကဝ စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း (Youth Club) တို့ ပူးပေါင်း၍ စာရေးဆရာမောင်မိုးယံ၏ လူငယ်နှင့် (အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ) စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူငယ်အသင်း (Youth Club) အဖွဲ့ဝင် ဦးဟိန်းပြည့်စုံက စာရေးဆရာမောင်မိုးယံ၏ လူငယ်နှင့် (အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ) စာအုပ်မှ “လူငယ်နှင့်တက်လမ်း” ခေါင်းစဉ်တွင် ပါရှိသော တက်လမ်းဆိုသော ဝေါဟာရသည် လူတစ်ဦး၏ ဘဝရှေးရေးအနာဂတ် ပုံဖော်မှုဖြစ်ကြောင်း၊ သွားရမည့်ခရီးသည် စိတ်ဓာတ်ခွန်းအားအပြည့်ဖြင့် တိုးတက်ရာ တိုးတက်ကြောင်းကို ရည်မှန်းကာ သူဖောက်သောလမ်းသည် ကျဆုံးခြင်းမရှိ၊ အတက်သာရှိသည်ဟု ဖွင့်ဆိုကြောင်း၊ ဘဝခရီးကို စတင်လျှောက်လမ်းရွေးချယ်ရမည့် လူငယ်တို့တွင် တက်လမ်းကို မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ရမည်၊ သည်းခံခြင်း၊ ဇွဲရှိခြင်း၊ ကိုယ်ချင်းစာတရားတို့ဖြင့် လျှောက်လမ်းရန် လိုအပ်ကြောင်း၊ လူတစ်ယောက်၏ ကြိုးစားမှု၊ ရိုးသားမှုကို အသိအမှတ်မပြုသော လူကြီးမဆန်သော စိတ်ဓာတ်မျိုး မကြိုးစားတတ်သော စိတ်ဓာတ်မျိုး၊ လာဘ်လာဘကိုမျှော်ကိုးပြီး အပေးအယူဖြင့် တက်လမ်းကိုပိတ်တတ်ဖွင့်တတ်သော လူကြီးမဖြစ်ဖို့၊ ငယ်စဉ်ကပင် ကိုယ်ချင်းစားစိတ်၊ ညှာတာစိတ်ရှိဖို့လိုကြောင်းတို့ကို ဦးဆောင်ဆွေးနွေးသွားကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)