လွိုင်ကော် စက်တင်ဘာ ၁၉
ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ပြုလုပ်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှူစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းစဉ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အိုဇုန်းလွှာပျက်စီးပါက ရင်ဆိုင်ကြုံတွေ့ရမည့်ဆိုးကျိုးများ၊ အိုဇုန်းလွှာပျက်စီးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် ထိန်းသိမ်းမှု လုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများ ပူးပေါင်းပါဝင်မှု မြှင့်တင်ဆောင်ရွက်သွားရမည့် အချက်များကို ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် ပြည်နယ်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်း(ပြည်နယ်အဆင့်) ကျင်းပပြုလုပ်သော စာစီစာကုံး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ ၊ တတိယ ဆုရရှိကြသော ကျောင်းသား ၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗွီဒီယိုအားကြည့်ရှု အားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကယားပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပြခန်းများနှင့် ပြိုင်ပွဲဝင်ဆုရ စာစီစာကုံးများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)