သရက်ချောင်း စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ သရက်ချောင်းမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက ကျောင်းသား/သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ လုံခြုံစွာ တပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ ကျောင်းသား/သူများအနေဖြင့် ခပ်ခွာခွာနေထိုင် ရန်၊ ဆရာ/ဆရာမများ၏ ပြောစကားများကို သေချာလိုက်နာရန် စသည်ဖြင့် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကျောင်းတွင်း မုန့်စျေးတန်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သားကြီး (သရက်ချောင်း)