ပလောက် စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် စာဖတ်ပရိသတ်များ စုပေါင်း၍ ယနေ့နံနက် ၁၀နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်စံဝင်းရေးသားသည့် “စိတ်စည်းကမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ကြသည်။
စာဖတ်ဝိုင်းတွင် ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က ”စိတ်စည်းကမ်း”ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စိတ်စည်းကမ်းဟုဆိုရာ ၌ စိတ်ဟူ အပိုင်းနှင့် စည်းကမ်းဟူသော အပိုင်းနှစ်ပိုင်း ပါဝင်ကြောင်း၊ စည်းကမ်းကို စည်းမျဉ်း၊ ပြဋ္ဌာန်းချက်ဟုလည်းဆိုသည်၊ စိတ်သည်ဖြူသည်၊ မဲသည်၊ ဝါသည်၊ လှသည်၊ အရုပ်ဆိုးသည်၊ စိတ်၏ ဖွဲ့စည်းမှုတွင် ဆန္ဒများ၊ အကြံအစည်များ၊ စိတ်ကူးစိတ်သန်များ၊ ကြိုးစားအားထုတ်မှုများ၊ တွေးတောကြံဆမှုများပါဝင်ပေသည်၊ စိတ်သည်လူ၏ ကာယကံအလုပ်၊ ဝဇီကံအလုပ်၊မမနာကံအလုပ်တို့ကို ဦးဆောင်သည်၊ စိတ်ကောင်းစေတနာကောင်းရှိရေးသည် လူအများအတွက်ရော လူတစ်ဦးချင်းစီအတွက်ပါ အရေးကြီးလှပေကြောင်းကို ဦးဆောင် ဆွေးနွေးပေးသည်။
ဆက်လက်၍ စာဖတ်ပရိသတ် မဝိုင်းဝိုင်းက စိတ်စည်းကမ်းသည် လူတိုင်းအတွက် အရေးကြီးလှပေသည်၊ စည်းကမ်းရှိမှသာလျှင် အရာရာတိုင်း စနစ်တကျ ဆောင်ရွက်နိုင်မှာ ဖြစ်ကာအောင်မြင်မှု ပန်းတိုင်ရောက်ရှိမည်မှာဖြစ်၍ အမှား၊ အမှန် ချင့်ချိန်သုံးသပ် ဝေဖန်ခွဲခြား နိုင် မည်ဖြစ်ကြောင်းကိုပြန်လည် ဆွေးနွေးပေးသည်။
ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုအကျိုးပြု အသိပညာပေး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စာပေအသိပညာမှ ဗဟုသုတရရှိစေမည့် စာဖတ်ဝိုင်းများကိုလည်းအပတ် စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)