ကျုံပျော် စက်တင်ဘာ ၁၉
ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်သည့် ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အထောင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း မြတ်လေးခန်းမတွင် ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ ကြောင်း ယနေ့နံနက်က သိရသည်။
ကာကွယ်ဆေးထိုးနှံရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပညာရေးဌာန တာဝန်ရှိသူများက သွားရောက်အားပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက အသက် (၅)နှစ်မှ (၉)နှစ် အတွင်းကလေးငယ်များကို ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း၊ ကျုံပျော် မြို့နယ်တွင် ကလေးငယ် (၁၇၀၃၃)ဦးအထိ ကာကွယ်ဆေးထိုးနှံရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ သူနာပြုအဆင့်(၁) ဒေါ်ထူးရည်ရွှေထံမှ သိရ သည်။
အဆိုပါ ရောဂါသည် ကြောက်စရာကောင်းသည့် ပြင်းထန်ရောဂါတစ်မျိုးဖြစ်ပြီး သွေးလွန်တုပ်ကွေးရောဂါကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ဦးနှောက်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပြီး ဖြစ်ပွားပါက ကုသဆေးမရှိဘဲ သေဆုံးမှု(၃၀) ရာခိုင်နှုန်း နှင့် မသန်မစွမ်းဖြစ်နိုင်မှု (၅၀) ရာခိုင်နှုန်းရှိသဖြင့် တာဝန်ရှိသူများက ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)