ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် အခြေခံအိမ်ထောင်စု (၁၂၀)အား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချ

ကျုံပျော် စက်တင်ဘာ ၁၉

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် ခရိုင်၊ အထောင်မြို့၊ အမှတ် (၄) ရပ်ကွက် ရေတံခွန်ဘုန်းကြီးကျောင်းရှေ့တွင် အခြေခံအိမ်ထောင်စု (၁၂၀)အား အ‌ခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အထောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ဈေးရောင်းဝယ်နေမှုများကို အားပေးကူညီခဲ့ကြပြီး အိမ်ထောင်စုတစ်စုအတွက်  ဆန်(၁)ပြည်လျှင် (၁၀၀၀)ကျပ်ဖြင့် (၂)ပြည်နှုန်းနှင့်  ဆီ၊ဆား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် (၃)မျိုးတို့ကို အထူးဈေးနှုန်းချိုသာစွာဖြင့် အိမ်ထောင်စု ပေါင်း (၁၂၀)အား ဖြန့်ဖြူးရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေခံစားကုန်များ ရောင်းချခြင်းကို ကျုံပျော်မြို့နယ်တွင် စက်တင်ဘာလ ပထမပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိပြီး ကျုံပျော်မြို့ရှိ ပင်လုံ၊ တေဇ၊ မြဝတီနှင့် အောင်ဆန်းရပ်ကွက် များတွင်လည်းကောင်း၊ အထောင်မြို့ရှိ ရပ်ကွက်များတွင်လည်းကောင်း၊ မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စုများတွင်လည်းကောင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိကာ လာရောက်ဝယ်ယူ ကြသူများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။

လပြည့်ဦး (ပြန်/ဆက်)