ကျိုက်လတ် စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ယမန်နေ့ နံနက်ပိုင်း အချိန်မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျိုက်လတ်မြို့နယ် ရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျိုက်လတ်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သည့်အဖွဲ့သည် ကားလမ်းမကြီး များတွင် ခရီးသွားပြည်သူများအား ယာဥ်မတော်တဆ ဖြစ်ပွားရခြင်း အကြောင်းအရင်းများနှင့် ပတ်သက်၍ ယာဥ်စက်ချို့ယွင်းခြင်းကြောင့် လည်းကောင်း၊ ယာဥ်မောင်းနှင်သူ၏ ပေါ့ဆမှုကြောင့် လည်းကောင်း၊ ရာသီဥတုအခြေအနေ ဆိုးဝါးမှုကြောင့်လည်းကောင်း၊ လမ်းနှင့်တံတား အခြေအနေ တစ်ရပ်ရပ်ကြောင့် လည်းကောင်း ဖြစ်ပွားနိုင်သည်တို့ကို နားလည်လွယ်အောင် ရှင်းလင်းပြောကြားပြီး ယာဥ်မတော်တဆမှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများမဖြစ်စေရန် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး စနစ်တကျတပ်ဆင်ရန်၊ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းမပြုရန်၊ လူနှစ်ဦးထက် ပိုပြီးတင်ဆောင်ခြင်းမပြုရန်၊ ယာဉ်ဖြင့် ခရီးသွားမည်ဆိုပါက ယာဉ်ကို သေချာစွာစစ်ဆေးပြီးမှ သွားရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို ပြည်သူများ အလေးထား လိုက်နာဆောင်ရွက်စေရန် စသည်ဖြင့် အသိပညာပေးခဲ့ကြကြောင်း သိရသည်။ ထိုကဲ့သို့ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရပ်ကွက်၊ ကျေးရွာများအတွင်း အသံချဲ့စက်များဖြင့် လည်းလှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ဒေါ်ရီရီမြင့်
ကျိုက်လတ်(ပြန်/ဆက်)