အမာမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

အမာ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ အမာမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရှိစေရေး ပညာပေးစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက စတင်၍ မြို့အဝင်၊ အထွက် နေသူရိန်လမ်းမကြီးတွင် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ အမာနယ်မြေရဲစခန်းမှူး ဒုရဲမှူး တင်အောင်တို့၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များ ပူးပေါင်း၍ အမာမြို့အတွင်းသို့ ဝင်ထွက်သွားလာ‌နေ‌သော မော်တော်ဆိုင်ကယ်များအား စစ်ဆေးခဲ့ပြီး မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်စီးဦးထုပ် ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင် စီးနင်းရန်၊ နှစ်ဦးထက် ပို၍ စီးနင်းခြင်းမပြုရန်၊ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန်တို့ကို အသိပညာပေး စစ်ဆေးခဲ့ကြောင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)