ရွှေတောင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးအသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်

ရွှေတောင် စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးအသိပညာပေးကွင်းဆင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ ဆင်မကြပ်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းတွင် စည်းကမ်းထိန်းသိမ်းရေးစစ်ဆေးရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ကွင်းဆင်းပူးပေါင်းစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် (မြို့နယ် ရဲတပ်ဖွဲ့မှူး)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လဝက၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ပညာရေး၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နွားမယံကျေးရွာအုပ်စုချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဆင်မကြပ်စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်ကျော်ဇင်လင်းနှင့်အဖွဲ့ဝင်တို့မှ လုပ်ငန်းလိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မော်တော်ယာဉ်/ ဆိုင်ကယ်လိုင်စင် ရှိ/ မရှိစစ်ဆေးခြင်း၊ ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်နှင့် ဆိုင်ကယ်တွင်ပါရှိရမည့်အချက်အလက်များ ပြည့်စုံစွာတပ်ဆင်ထားရန် အသိပညာပေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ Mask စနစ်တကျတပ်ဆင်ရေး၊ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးစစ်ဆေးရေးကြီးကြပ်မှုကော်မတီအနေဖြင့် မော်တော်ယာဉ်(၆၀)စီး၊ သုံးဘီးမော်တော်ယာဉ်(၅)စီး၊ မီနီအိုးဝေ(၇)စီး၊ မော်တော်ဆိုင်ကယ်(၁၂၀)စီးတို့အား စစ်ဆေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်သူများ Mask စနစ်တကျတပ်ဆင်စေရေးအတွက် Mask အခု(၅၀၀)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို အပတ်စဉ် တနင်္လာနေ့နှင့်ကြာသပတေးနေ့တိုင်း အသိပညာပေးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ဆက်)