ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပွင့်ဖြူ စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၉  ရက်၊ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စာပေအသိပညာတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင်  စီစဉ်ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊  စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူများ မည်သူမဆို အားလပ်ချိန်များတွင် လာရောက်ပါဝင်ဆွေးနွေးနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ရာ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုးက စာရေးဆရာ သတိုးနွယ် ရေးသားသည့်  " အောင်မြင်သူတို့ရဲ ခြေလှမ်းများ" စာအုပ်တွင် ပါဝင်သော သုတ/ရသ စာပေသိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူ လူငယ်မောင်မယ်များက သိရှိလိုသည်များကို မေးမြန်းကာ မိမိတို့ဖတ်ရှုမှတ်သားထားသည့် စာပေအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသဆောင်ရွက်ပေးရာ စာဖတ်ဝိုင်းဆွေးနွေးတက်ရောက်လာကြသူများက စိတ်ဝင်တစ်စား ဝင်ရောက် လေ့လာဖတ်ရှုခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာတိုးပွားစေရန်နှင့် စာဖတ်တတ်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် ယခုကဲ့သို့ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို မြို့နယ်ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့၊ Youth Club အဖွဲ့၊ စာပေဝါသနာရှင်များနှင့် ပူးပေါင်းပြီး သိမှတ်ဖွယ်ရာ သုတ/ ရသ စာအုပ်ကောင်းများကို ရွေးချယ်၍ လစဉ်အရှိန်အဟုန်မပျက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပြန်/ ဆက်)