ရွှေတောင်မြို့နယ်တွင် စာဖြေအောင်မြင်တော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင် (၁၄)ပါးအား ဂုဏ်ပြုပူဇော်ပွဲနှင့်ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ရွှေတောင် စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့နေ့လယ်ပိုင်းက ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်(၁၄)ပါးအား ဂုဏ်ပြုပူဇော်ပွဲနှင့်ဆုနှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရွှေတောင်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များ၊ ဓမ္မစရိယတန်း၊ အကြီးတန်း၊ အလတ်တန်းနှင့် အခြေပြုမူလတန်းအောင် စာဖြေသံဃာ၊ သီလရှင်(၁၄)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂)ဦးကျော်လွင် အကြီးအကဲများ၊ အလှူရှင်ပုဂ္ဂိုလ်များတက်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆို အောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်(၁၄)ပါးတို့ကို နိုင်ငံတော်အစိုးရမှ ဆက်ကပ်သည့်ဘွဲ့တံဆိပ်နှင့် စာအောင်လက်မှတ်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆက်ကပ်ပူဇော်သည့်အလှူငွေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ အလှူရှင်များမှ အလှူငွေများကို အသီးသီးဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန် / ဆက်)