ကျုံပျော် စက်တင်ဘာ ၁၉
ယာဉ်တိုက်မှုကြောင့် နှစ်စဉ် အသက်ပေါင်းများစွာ ဆုံးရှုံးလျှက်ရှိရာ ထိုသို့ မဖြစ်ပေါ်ရေးနှင့် စည်းကမ်း လိုက်နာ၍ ဘေးအန္တရာယ် ကင်းဝေးရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးပညာပေးခြင်းကို မြို့အဝင် အင်းရဲလမ်းဆုံ၌ စက်တင်ဘာလ ၁၉ ရက်နေ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် မော်တော် ဆိုင်ကယ် စီးနင်းသူများတွင် ဆိုင်ကယ်စီး ဦးထုပ်ပါရှိရေး၊ မေးသိုင်းကြိုးတပ်ဆင်ရေး၊ ဘက်မှန်၊ နံပါတ်ပြားနှင့် မော်တော်ယာဉ်တွင်ပါရှိရမည့် အချက် အလက်များ ပြည့်စုံရေးတို့ကို စစ်ဆေးပြီး မော်တော်ယာဉ် စီးနင်းပါက ယာဉ်စည်းကမ်း လိုက်နာရေး၊ အရှိန်ပြင်းစွာ မောင်းနှင်မှု မပြုရေးတို့ကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ သည်။
ထို့အပြင် မြို့ရွာများအတွင်း မလိုလားအပ်သော အဖျက်အမှောက် လုပ်ငန်းများ မဖြစ်ပေါ်ရေးအတွက် မော်တော် ကား၊ ဆိုင်ကယ်များအတွင်း အန္တရာယ်ရှိသော လက်နက်ခဲယမ်းများ ပါရှိမှု ရှိ/မရှိနှင့် ယူဆောင်သွားလာမှု မပြုရေးတို့ကိုလည်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)