လှိုင်းဘွဲ စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံခန်းမ၌ ကျေးရွာအုပ်စုအတွင်းရှိ ဒေသနေပြည်သူများနှင့် ဌာနဆိုင်ရာ စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ စုပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်ကဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်းနှင့် ပြည်သူများတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်း ဖွဲ့စည်းပုံအဖြင့်ပါဝင်ကြသည့် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်ရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး စစ်ကြောင်းများတွင်ပါဝင်ကြသည့် ဌာနဆိုင်ရာများကို မိတ်ဆက်ပေးခဲ့ပြီး မိမိတို့ကျေးရွာအတွက် လို အပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊စီးပွားရေးအတွက် လိုအပ်သည်များ ၊ကုန်ထုတ်လုပ်ရေး အတွက်လိုအပ်သည့် လမ်း၊တံတားများကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး တင်ဝင်းထွန်းမှ နယ်မြေဒေသ လုံခြုံရေးအတွက် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းထွန်းမှ နယ်မြေတွင်း တရာဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်များကို ကြိုတင်ကာကွယ်ကြရမည့် နည်းလမ်းများ အကြောင်းကိုပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက အိမ်ထောင်စု စာရင်းနှင့်နိုင်ငံသား မှတ်ပုံတင်ကတ်ပြားများကို မိမိတို့ဌာနမှယခုတွေ့ဆုံဆွေးနွေးပွဲတွင် တစ်ပါတည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းပြခဲ့သည်။
ဆက်လက်ပြီး ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊မြိုနယ် လယ်ယာစီး ပွားရေးဘဏ်၊မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ခံများက မိမိတို့၏ ဌာနများမှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအကြောင်းကို ဆွေးနွေးရှင်းပြခဲ့ကြပြီး တက်ရောက်လာ ကြသောဒေသနေပြည်သူများက မိမိတို့ကျေးရွာများအတွက် လိုအပ်သည့် စိုက်ပျိုးရေးကဏ္ဍ၊ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သောက်သုံးရေရရှိရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေးကဏ္ဍများ အကြောင်းကို ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာန တာဝန်ခံများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကိုပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)