ကော့သောင်း စက်တင်ဘာ ၁၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံများ၏ ကြီးကြပ်မှုဖြင့် ကော့သောင်းခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာစီကို (၅၂၀၀) ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး မိုဘိုင်းကားဖြင့်လိုက်လံ ရောင်းချပေးခြင်းဖြစ်သည်။
အလားတူ ရောင်းချခြင်းကို ကားများဖြင့်လှည်လည်၍ ရပ်ကွက်ပြည်သူများလက်ဝယ်အရောက် ဆက်လက်ရောင်းချပေးရန်အစီအစဉ်များရှိကြောင်းမိဘပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်များသို့လည်း လှည့် လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
ကျော်စိုး (ကော့သောင်း)