စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် မိုဘိုင်းစာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်

ကော့သောင်း   စက်တင်ဘာ ၁

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်  မိုဘိုင်းစာကြည့်တိုက်လုပ်ငန်းများအား ကော့သောင်းခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဥဒေရုံးနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းကာ  ယမန်နေ့မွန်းလွဲပိုင်းက အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းတွင် ပြုလုပ်သည်။

ဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ငယ်ရွယ်သူအမျိုးသမီးငယ်များအကြား စာဖတ်ခြင်းအလေ့အထရှင်သန်လာစေရန်နှင့် စာပေမှတဆင့် အသိဉာဏ်အမျှော်အမြင် ကြွယ်ဝလာကာ အမှားအမှန် ဝေဖန်ပိုင်းခြားတပ်လာခြင်း ၊စာဖတ်သူ ဦးရေးတိုးပွားလာကာ ဗဟုသုတအကြားအမြင် ကျယ်ပြန့်လာ၍ အနာဂါတ်လူငယ်မျိုးဆက်သစ် များ အသက်မွေးဝမ်းကျောင်းပညာအား ဆည်းပူးရင်း ပြင်ပဗဟုသုတဖြစ်ဖွယ်များ လေ့လာသိရှိခွင့်ရကြစေရန်အတွက် စာပေဖတ်ရှုရန်တိုက်တွန်းအသိပညာပေးဟော ပြောခဲ့ပြီး ဒုတိယ မြို့နယ်ဥပဒေအရာရှိ ဦးဝေလျှံကျော်က နယ်စပ်ဒေသဖြစ်သည့် ကော့သောင်းမြို့နယ်အတွင်း အမျိုးသမီးငယ်များလူကုန်ကူးမှု နှင့်လူမှောင်ခိုမှုများဘေးမှ ကင်းဝေးစေရန် သိသင့်သိထိုက်သည်များ၊ လူကုန်ကူးမှုဥပဒေဆိုင်ရာသိကောင်းစရာများအားလည်း ကောင်း၊ ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးကိုကိုကြီးက ရှေ့ဦးပြုစုခြင်းဆိုင်ရာ သိကောင်းစရာများကို အသီးသီး အသိပညာပေးဟောပြောခဲ့ကြပြီး ကော့သောင်းခရိုင် ပြန်/ဆက်ဦးစီးဌာနမှသင်တန်း ကျောင်းသူများအား မိုဘိုင်းစာကြည့်တိုက်အသွင်ဖြင့် သုတရသ စာအုပ်စာပေများခင်းကျင်းပြသ ငှားရမ်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)