ပိုင်ကျုံ စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ပြည်သူများ နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ကို မြို့ပေါ်ရပ်ကွက်များရှိ လူသွားလာမှုများသည့်လမ်းဆုံလမ်းကွများ၌ ယနေ့နံနက်(၈)နာရီအချိန်တွင် နှာခေါင်းစည်းများ အခမဲ့ ဝေငှပေးခဲ့သည်။
ပိုင်ကျုံမြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင် ဦးဆောင်၍ ဌာနဆိုင်ရာများက မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့သွားလာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်ရန်တို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်းများတပ်ဆင်ခြင်းမရှိသည့် ပြည်သူများကို Maskများ အခမဲ့ဝေငှပေးခဲ့ကာ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်းရှိ၊ မရှိ လိုက်လံစစ်ဆေး၍ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းတို့က ပူးပေါင်း၍ Mask Comparing လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းကို နောက်ရက်များတွင်လည်း ဆက် လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)