မြောင်းမြမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်း ဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မြောင်းမြ စက်တင်ဘာ ၁၈    

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယမန်နေ့ နေ့လယ်ပိုင်း က ​မြင်းကကွင်းကျေးရွာတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို  ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ သက်ဆိုင်ရာ ဌာနများမှ ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)