မြောင်းမြမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ

မြောင်းမြ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် မီးသတ်တပ်ဖွဲ့ဦးစီးဌာနနှင့် အမှတ်(၈၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား မန်နေ့ နံနက်(၁၁)နာရီ အချိန်က မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်မီးသတ်တပ်ဖွဲ့မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဦးမှ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း ၏ ရည်ရွယ်ချက်အား ပြောကြားပြီး အမှတ်(၈၁)  ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ညီညီအောင်က မီးသတ်တပ်ဖွဲ့ဝင်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာတတ်စေရေး၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ တာဝန်နှင့် လုပ်ငန်းဆောင်ရွက်နေခြင်းများ၊ ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက်  လိုက်နာရ မည့် အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များကို ရှင်းလင်းပြောကြားပြီး ယာဉ်လမ်းအချက်ပြပုံစံများကို လက်တွေ့သရုပ်ပြ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ယင်းတို့၏ မိသားစုဝင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)