ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ်ဆိုင်းဘုတ်တော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ တောကျောင်းကျောင်းတိုက် ပရိဝုဏ်အတွင်းတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသော ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ် ဆိုင်းဘုတ်တော် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက်(၉)နာရီက တောကျောင်း ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့ရာ ဒေးဒရဲနိကာယ် ဗုဒ္ဓကောလိပ် သြဝါဒါစရိယဆရာတော်များ၊ သင်ကြားစီမံ ဆရာတော်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကဗ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဆရာတော် သံဃာတော်များနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာစာရထံမှ ငါးပါးသီလ ဆောက်တည်ခံယူကြပြီး အလှူရှင်များက လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းအုပ်ဆရာတော် ဒေါက်တာ အရှင်ဥတ္တမသိရီက သြဝါဒါစရိယလက်မှတ်နှင့် ပညာရှင်၊ ကထိက၊ နည်းပြလက်မှတ်များ ဆက်ကပ်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ရေစက်ချ အနုမောဒနာတရား နာယူခဲ့ကြပြီး ဗုဒ္ဓဿသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရ သည်။

အဆိုပါ ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ်ကို အစိုးရ ဓမ္မာစရိယ၊ တက္ကသိုလ်ဓမ္မာစရိယ၊ မဟာဓမ္မာ စရိယဘွဲ့ရ၊ ဝိဇ္ဇာ/သိပ္ပံဘွဲ့ရ၊ မဟာဝိဇ္ဇာ/ မဟာသိပ္ပံဘွဲ့ရ၊ စာပေပါရဂူဘွဲ့ရ ရဟန်းပညာရှင်၊ လူပုဂ္ဂိုလ် ပညာရှင်၊ (၃၀)ကျော် တို့ဖြင့် ဒီပလိုမာတန်းနှင့် နိကာယဓမ္မာစရိယ(B.A)တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး နိကာယ ဒီပလိုမာသင်တန်းတွင် ရဟန်းတော်(၁၄)ပါး၊၊ ဒီပလိုမာတန်းတွင် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်(၈)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)