ငွေဆောင်မြို့၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ငွေဆောင် စက်တင်ဘာ ၁၈   

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ကျန်းမာရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ငွေဆောင်မြို့၊ သဇင်ကျေးရွာ၊ စာသင်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစွာမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ဌာနဆိုင်ရာအဖွဲ့များ ပါဝင်သော နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ စည်းရုံးရေး စစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ ဒေသဖွံဖြိုးရေးစစ်ကြောင်းစသည်ဖြင့် စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် လာရောက်၍ ရပ်ကွက်နေပြည်သူများ၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူများ၏ လူနေမှုဘဝပုံစံများနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ စသည့်တို့ကို ပြောကြားသည်။

ထို့နောက်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သဇင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးလွင်တို့မှ မိမိတို့ဌာန၏လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားကာ ပြည်သူများတင်ပြသည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

ကျော်လင်းဦး(ပြန်/ဆက်)