ဟားခါး စက်တင်ဘာ ၁၈
ချင်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် သီတင်းသုံး သာသနာပြုလျက်ရှိကြသော သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်နှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ၊သုခိတာရုံသာသနာပြု သီလရှင်ကျောင်း၊ သိန်းရတနာဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ဟားခါးမြို့၊ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူ ဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ဟားခါးမြိုု့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် သီတင်းသုံး သာသနာပြုလျက်ရှိကြသော သံဃာတော်များ၊ သီလရှင်ဆရာလေးများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်နှင့် အလှူတော်ငွေများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် စစ်ဗျူဟာ(အခြေချ) ဟားခါးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထွန်းတို့က သံဃာတော် အရှင်သူမြတ်များထံသို့ နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ဟားခါးနှင့် ထန်တလန်မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ ဟားခါးမြို့၊ ကျောဘုတ် သာသနာပြုကျောင်း ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)