တောင်ငူ စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာမ မြမြဆွေ(စိတ်ပညာ)ရေးသားသည့်'' စိတ်အတောင်ပံ ဖွင့်မြင့်မြင့်ပျံမယ်'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးစောဂျရုန်းက ဦးဆောင်၍ အဖွဲ့ဝင်များဖြစ်ကြသော ဦးမြသိန်း၊ ဦးဇင်သန့်ဦး၊ ဦးအေးမြင့်နှင့် ဦးမြင့်သိန်းတို့က "စိတ်အတောင်ပံဖွင့်မြင့်မြင့်ပျံမယ်"စာအုပ်တွင် ပါဝင်သည့် ဆောင်းပါးများအနက်မှ ဆောင်းပါး တစ်ပုဒ်စီအား ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ Sweet Family ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး စာအုပ်ပါအကြောင်းအရာများကို (Book Club) မှဆရာကြီးများနှင့် အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်