တမူး စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူများအား ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်ကကျောင်းသား/ ကျောင်းသူများအား တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်မှုရှိစေရန်၊ ပူးပေါင်းဆောင်ရွတ်လိုစိတ်ရှိစေရန်၊ ကျန်းမာကြံ့ခိုင်ပြီးဉာဏ်ရည် ဉာဏ်သွေးများ ထက်မြတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ အကျင့်စာရိတ္တများ ပိုမိုကောင်းမွန်လာစေရန်တို့ကို ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း အလားတူ ပြိုင်ပွဲများကိုလည်း လစဉ်ကျင်းပပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကျင်းပရာ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့် မူလတန်းအဆင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ အင်္ဂလိပ်စာ ဉာဏ်စွမ်းပြိုင်ပွဲ၊ သင်္ချာဉာဏ်စွမ်းပြိုင်ပွဲများနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကိုကျင်းပခဲ့ပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူ များအား တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီဇော်၊ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အဆိုပါပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးနေသည့်အပြင် အပတ်စဉ် စာပေချစ်သူများနှင့်စာဖတ်ဝိုင်းများ၊ အသိပညာပေး(Talk Show) ဆွေးနွေးပွဲများနှင့်ပြည်သူ့စာကြည့်တိုက်မှလည်း ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ် မိတ်ဆက်ခြင်း အစီအစဉ်များကို အွန်လိုင်းမှတဆင့် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက် ရှိကြောင်း သိရသည်။
ကျော်သူရ