လပွတ္တာမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်း လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်

လပွတ္တာ စက်တင်ဘာ ၁၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂ဝ၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ မောင်းဒီးကျေးရွာအုပ်စု၊ ဂေါင်းတိုကျေးရွာတွင် ငွေကျပ်သိန်း(၁၀၀)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ထောက်ပံ့ငွေကျပ်သိန်း(၁၀၀) အနက် လုပ်အားခ (၅၀%)နှင့် ပစ္စည်းဖိုး (၅၀%) ဖြင့် CFW စီမံကိန်းအား ကျေးရွာအနေဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဂေါင်းတိုရွာတွင်းလမ်း သဲရောကျောက်ကြမ်း​ခင်းခြင်းလုပ်ငန်း ပေ ၁၆၀၀၊ အကျယ် ၈ပေ၊ ထု ၆ လက်မအား ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလကုန်တွင် လုပ်ငန်းအားလုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းထံမှသိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)