စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ ညှိနှိုင်း အစည်းအဝေးကျင်းပ

ကလေး စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ၊ကလေးမြို့တွင် နိုင်ဝင်ဘာလ(၈)နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၊ပါတီ များနှင့် ရွေးကောက်ပွဲတွင်သက်ဆိုင်သူများအကြား အငြင်းပွားမှုဖြင့်မဲဆွယ်စည်းရုံးရေးကာလ အတွင်း တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့် လုပ်ငန်း စဉ်လက်စွဲနှင့်အညီ အချိန်တိုအတွင်း လွယ်ကူလျှင်မြန်စွာဖြေရှင်းဆောင်ရွက်နိုင်ရေးတို့အတွက် ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းရေး ကော်မတီဝင်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်း ၁၀နာရီ အချိန်က ကလေးခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင်ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းဆွေက အဖွင့်အမှာ စကား ပြောကြားသည်။

ထို့နောက် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒေါ်ယဉ်နွယ်နွယ်က ရွေးကောက် ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းမှုနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်း တာဝန် များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက် လာကြသည့် ခရိုင်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ က အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးကလေးခရိုင်အတွင်း နိုင်ဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ လေးသိန်း တစ်သောင်းကျော်နှင့် ဆန္ဒမဲ ပေးနိုင်ရန်အတွက်မဲရုံပေါင်း (၃၉၇)ရုံခန့်လျာထားကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ထန်းဖုန်(ပြန်/ဆက်)