မုံရွာ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်ဆေးရုံ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ခြင်များမပေါက်ပွားနိုင်စေရေးတို့အတွက် သန့်ရှင်းရေး လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ ဆရာများနှင့်ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ် ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါ Quarantine Centre နှင့် Positive Centre လူနာဆောင်အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ကျောင်းဝန်း အတွင်းရှိ တည်ဆောက်လျက်ရှိသော အားကစားခန်းမ၊ Community Center နှင့် ဝန်ထမ်း နေအိမ် ၄ ခန်းတွဲ ၄ ထပ် အဆောက်အဦများ တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးစီးရေး၊ စီချိန်စံညွှန်းမီ အရည်အသွေး ကောင်းမွန်စေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန္ဒဝန်ရပ်ကွက်အတွင်းရှိ ရေနုတ်မြောင်များ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် ရေနုတ်မြောင်းများ ပြန်လည် တူးဖော်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့် လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နေပြည်သူများ ကျန်းမာရေးကောင်းမွန်ရေး၊ မြို့သာယာသန့်ရှင်းသပ်ရပ်လှပရေးတို့ အတွက် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မုံရွာမြို့ ကန်သာယာတောင် ဘက်လမ်း အရှည် - ၂၇၈၀ ပေ၊ အကျယ် - ၁၈ ပေ ၃ လက်မထု နိုင်လွန်ကတ္တရာ ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးတွင်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငွေကျပ်သိန်း - ၅၀၀ (သိန်းငါးရာ)အား တာဝန်ရှိသူများထံ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သန်းထိုက်က လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများအား စားသောက်ဖွယ်ရာများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော ရဲတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများအား လည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက စစ်မှုထမ်းဟောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများအားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)