မော်လမြိုင်ကျွန်းမြို့နယ်၊ ငွေဇင်ယော်(စံပြ) ကျေးရွာနေပြည်သူများ မုန်တိုင်းအန္တရာယ်ဆိုင်ရာ အသိပညာတိုးပွားစေရေးအတွက် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်

မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ငွေဇင်ယော် (စံပြ) ကျေးရွာတွင် ကျေးရွာနေပြည်သူများ မုန်တိုင်းအန္တရာယ်ဆိုင်ရာ အသိပညာတိုးပွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပြည်သူလူထုကိုယ်တိုင်ပါဝင်သော မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်အား ယမန်နေ့နံနက် ၉ နာရီအချိန်က ငွေဇင်ယော် (စံပြ)ကျေးရွာ Cyclone Shelter ၌ ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ ခေတ္တမြို့နယ်မှူး ရဲမှူးသိန်းဇော်နှင့်တာဝန်ရှိသူများက သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး အဝါရောင်အဆင့်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင်  မုန်တိုင်းဖြစ်ပေါ်နေခြင်း၊ လိမ္မော်ရောင်အဆင့်တွင် မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ဦးတည်နေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်ချုပ်ရေးမှူးသို့သတင်းပေးခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့်  ကျေးရွာသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီနှင့် အစည်းအဝေးပြုလုပ်၍ ကျေးရွာအတွင်းလှည့်လည်ကြေညာခြင်း၊ အနီရောင်အဆင့်တွင် ပြန်ကြားရေးနှင့်ရွှေ့ပြောင်းရေးလုပ်ငန်းများအဖြစ် ပြည်သူများဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းရန်လှည့်လည် ကြေညာခြင်း၊  ပြည်သူများ၊ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ကလေးသူငယ်နှင့်ကိုယ်ဝန်ဆောင်မိခင်များ (အရေးကြီးစာရွက်စာတမ်းများအပါ) ခိုလှုံရာနေရာသို့ရွှေ့ပြောင်းခြင်းအစီအစဉ်များ၊ အညိုရောင်အဆင့်တွင် မုန်တိုင်းတိုက်ခတ်နေစဉ်ကာလအတွင်း လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားရမည့်အချက်များအသိပညာပေးခြင်း၊ အစိမ်းရောင်အဆင့်တွင် မြေပြင်၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)