ပခုက္ကူ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ကိုဗစ်-၁၉ရောဂါပိုးကူးစက်ပြန့်နှံ့မှုကြောင့် ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်ပြီး ယနေ့အထိ မြို့နယ်အတွင်း ပိုးကူးစက်ခံရသူနှင့်သေဆုံးသူအခြေအနေများ၊ ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး ကုသရေးစင်တာနှင့် Quarantine Centre များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည့် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဒေသခံလူမှုရေးအဖွဲ့အစည်းများပူးပေါင်းပြီး ပြည်သူများနေအိမ်ထဲတွင် Stay At Home နေထိုင် ရေး၊ နေအိမ်ပြင်ပသွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင်သွားလာရေးတို့အတွက် အသိပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ မြို့နယ်လုံးကျွတ် ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကင်းဝေးရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံရေးအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါပိုးလျော့နည်းကျဆင်းရေးနှင့်ကာကွယ် ဆေးဆက်လက်ထိုးနှံရေးတို့နှင့်ပတ်သက်ပြီး အသီးသီးရှင်းလင်းဆွေးနွေးကြကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)