စစ်ကိုင်းမြို့တွင် ကလေးသူငယ် အလုပ်သမားပပျောက်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် စက်မှုဇုန်ရှိ လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေး

စစ်ကိုင်း   စက်တင်ဘာ   ၁၇

စစ်ကိုင်းမြို့တွင် ကလေးသူငယ် အလုပ်သမားပပျောက်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် စက်မှုဇုန်ရှိလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက စက်မှုဇုန်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးလှလွင်တို့က ကလေးသူငယ် အလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ/ နည်းဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို ဆွေးနွေးပေးခဲ့ကြပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက မရှင်းလင်းသည်များ၊ မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါအဖွဲ့များသည် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စကားဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းခရိုင်(ပြန်/ဆက်)