ကလေး စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ၊ကလေးမြို့တွင် နိုင်ဝင်ဘာလ(၈)နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၊ပါတီများနှင့် ရွေးကောက်ပွဲတွင်သက်ဆိုင်သူများအကြား အငြင်းပွားမှုဖြင့်မဲဆွယ်စည်းရုံးရေးကာလ အတွင်းတစ်စုံတစ်ရာပေါ်ပေါက်လာပါက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့် လုပ်ငန်းစဉ်လက်စွဲနှင့်အညီ အချိန်တိုအတွင်း လွယ်ကူလျှင်မြန်စွာဖြေရှင်းဆောင်ရွက်နိုင်ရေးတို့အတွက် ရွေးကောက်ပွဲဆိုင်ရာညှိနှိုင်းရေး ကော်မတီဝင်များ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း ၁၀ နာရီ အချိန်က ကလေးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဦက္ကဌ ဦးဝင်းဆွေက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒေါ်ယဉ်နွယ်နွယ်က ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းမှုနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ သည်။ ဆက်လက်၍ တက်ရောက် လာကြသည့် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးကလေးခရိုင်အတွင်း နိုင်ဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ လေးသိန်း တစ်သောင်းကျော်နှင့် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံပေါင်း (၃၉၇) ရုံခန့် လျာထားကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)