သရက်ချောင်း စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မိုးရာသီ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓါတ်မြေသြဇာများ စျေးနှုန်းချိုသာစွာဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတော်မှစျေးနှုန်းချိုသာစွာ ရောင်းချသောယူရီးယားဓါတ်မြေသြဇာများကို စနစ်တကျအသုံးချရန်၊ မိုးစပါးစိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်အတိုင်း နည်းမှန်၊ လမ်းမှန်ဖြင့်စိုက်ပျိုးရန်စသည့် အကြောင်းအရာများဖြင့် အဖွင့်မှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ယူရီးယားဓါတ်မြေသြဇာများအသုံးပြုပုံနည်းလမ်းများ၊ မိုးစပါးများ ပိုးကျရောက်ခြင်းမှရှောင်ရှားရန် ပိုးသတ်ဆေးများကိုအသုံးပြရန်လိုအပ်ကြောင်း၊ သရက်ချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် တောင်သူများမိုးစပါးများကို နည်းလမ်း၊ လမ်းမှန်ဖြင့်စိုက်ပျိုးပြီး ဧကအထွက်နှုန်းတိုး၍ ဝင်ငွေတိုးစေရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ ယူရီးယားဓါတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခဲ့ပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်းသိရသည်။
သားကြီး(သရက်ချောင်း)