စလင်းမြို့နယ်တွင် ၂၀၂၂_၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု (၇) အုပ်စုအား (၅၃၂၅၀၀၀၀)ကျပ်အား ထပ်မံထုတ်ချေး

စလင်း  စက်တင်ဘာ  ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂_၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မိုးရာသီကာလ တောင်သူဦးကြီးများ အဆင်ပြေစွာတောင်သူလုပ်ငန်းခွင်များအား စိတ်အေးချမ်းသာစွာ လုပ်ကိုင်စိုက်ပျိုး နိုင်ကြစေရန်အတွက် ကျေးရွာအုပ်စု (၇)အုပ်စုအား ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က ထုတ်ချေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများပြားသည့်အတွက် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ အုပ်စုများခွဲကာ ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စုများဖြစ်သည့် အရှေ့ကန်ဘောင် ကျေးရွာ၊ ညောင်ရွာ၊ ရွာမှတ်၊ တောင်ရွာထန်းတော၊ ပျိုးခင်းကုန်း၊ သရက်တော ပုထိုးဖြူရပ်ကွက်ရှိ တောင်သူ(၉၃)ဦးတို့အား စိုက်ပျိုးရေးစရိတ် စပါးစိုက်ပျိုးဧက (၂၈၉)ဧကနှင့် အခြားသီးနှံစိုက်ပျိုးစရိတ်ချေးငွေ (၉၉)ဧကအတွက် စပါးစိုက်ပျိုးရန် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့်လည်းကောင်း၊ အခြားသီးနှံစိုက်ပျိုးရန် တစ်ဧက တစ်သိန်းနှုန်းဖြင့် လည်းကောင်း စုစုပေါင်း (၅၃၂၅၀၀၀၀) ကျပ်ကို ထုတ်ချေးခဲ့သည်။

ထိုသို့ထုတ်ချေးရာတွင် ၂၀၂၁ ခုနှစ် ချေးငွေကြေသူများအား ထုတ်ချေးခဲ့ကြောင်း ချေးငွေထုတ်ယူစဉ်ကာလအတွင်း ယခင်ကျန်ငွေ ပြန်လည်ပေးဆပ်သူများအား ထုတ်ချေးသွားမှာဖြစ်ပြီး ယခုလကုန်အထိ ဆက်လက်လာရောက် မထုတ်ချေးသူများအား ဆက်လက်ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မန်နေဂျာ ဦးစန်းထွန်းမြတ်ထံမှ သိရသည်။

မောင်လွင်(စလင်း)