လေးမျက်နှာ၊ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း သွားလာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို ယနေ့နံနက်က လေးမျက်နှာမြို့နယ်အတွင်းရှိ အဝင်/အထွက် စစ်ဆေးရေးဂိတ်များ၌ နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် မြို့/ကျေးရွာအုပ်စုများအတွင်း လာ ရောက်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ မြို့နယ်အတွင်း သွားလာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
လေးမျက်နှာမြို့နယ်အတွင်း ယနေ့အထိ Community Based Facility Quarantine Center (၄)ခုတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပြန်လည်ရောက်ရှိလာသူ (၁၀၂)ဦး၊ ဂွ၊ မြဝတီ၊ မုဒုံ၊ ဝမ်းတွင်း၊ ရေး၊ ဖြူး၊ မော်လမြိုင်၊ မြင်းခြံ စသည့်မြို့နယ်များမှ ပြန်လည်ရောက်ရှိလာသူ (၁၃) ဦး၊ မြို့နယ်အတွင်း ကျေးရွာများမှ (၆)ဦး၊ စုစုပေါင်း ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာသူပေါင်း (၁၂၁) ဦးရှိကြောင်းနှင့် ယနေ့အထိ လေးမျက်နှာ မြို့နယ်မှ ပေးပို့ထားသော ဓါတ်ခွဲနမူနာ အားလုံးတွင် ရောဂါပိုးမတွေ့ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ရွှေမိုး(လေးမျက်နှာ)