မြန်အောင် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်သည် မြန်အောင်ခရိုင်အတွင်း ဆီထွက်သီးနှံ ဆောင်းနေကြာ လျာထားဧက (၄၈၄၅၄) ဧက စိုက်ပျိုးရေး အတွက် ယမန်နေ့ နေ့လယ် ၂ နာရီက မြန်အောင်ခရိုင် ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့များ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က မြန်အောင်ခရိုင်အတွင်း ဆီထွက်သီးနှံ ဆောင်းနေကြာ လျာထားဧက(၄၈၄၅၄)ဧက ပြည့်မီရေး စိုက်ပျိုးရာတွင် အပင်ပေါက်နှုန်း၊ အထွက်နှုန်းကောင်းမွန်သော နေကြာမျိုးများဖြစ်ရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက အာမခံ၍ တောင်သူများအား ရာသီအချိန်မီ စိုက်ပျိုးနိုင်ရန် ဖြန့်ဖြူးပေးရန်နှင့် လိုအပ်သော နေကြာမျိုးစေ့များ ရရှိရေးအတွက် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်က မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့တွင် ဆောင်းနေကြာစိုက်ပျိုးမည့် အစီအမံများကို ရှင်း လင်း တင်ပြ၍ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဆောင်းနေကြာ စိုက်ပျိုးရန် နေကြာမျိုးစေ့ ရရှိမှု၊ သီးညှပ်၊ သီးသန့် စိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးများက နေကြာမျိုးစေ့ရရှိမှုအခြေအနေများကို တင်ပြကြသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော နေကြာစိုက်တောင်သူများ၏ ဆွေးနွေးတင်ပြချက် များကို ဝန်ကြီးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်-ပြန်/ဆက်)