အိမ်မဲ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၁)နာရီက အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်း ကျေးရွာ အလယ်တန်းကျောင်းခွဲခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်ဘဝ ပညာသင်အရွယ် ရည်မှန်းချက်ကို အဓိကထားပြီး၊ ကြိုးစားကြစေလိုကြောင်း၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် ထူးချွန် ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ဖတ်ရှုလေ့လာစေလိုကြောင်း ဟောပြောခဲ့ပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက လူငယ်နှ့င့်အာကစား အရေးပါပုံ၊ ကျောင်းစာအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာ ထူးချွန်ထက်မြက်သည့် အားကစားသမား ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးလေးလွင်က စားသုံးရန်မသင့်သော ကုန်ညွှန်းအမှတ်အသားများ စသည့် အသိပညာပေးအကြောင်းအရာများ ဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လှည့်စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်း၊ အသိပညာ ပေးနံရံကပ်စာစောင်များပြသပေးခဲ့ရာ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦး ကျော်က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံဒေါ်အိအိမျိုးက ကျောင်းသား၊ ကျောင်းသူ များအား အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခဲ့ပြီး၊ ကျန်းမာကြံခိုင်စေရေး အတွက် Myanmar Fitness Danceအကဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်