ရေနံချောင်း စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် လူကုန်ကူးမှုမဖြစ်ပွားစေရေးအတွက် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များ ရက်တိုသင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက လူကုန်ကူးမှုဖြစ်ပွားပါက လူသားအရင်အမြစ်များ ဆုံးရှုံးနိုင်သည့်အတွက် အချိန်မီတားဆီးကာကွယ်နိုင်ရန် ယခုလိုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းသားများအနေဖြင့် မြေပြင်တွင်လက်တွေ့အသုံးချဖို့လိုကြောင်း အဖွင့်အမှာစကားပြေားကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းဌေး၊ အဖွဲ့ဝင်(၂)ဦးတင်အောင်ဦးနှင့် မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချိုချိုနွယ်တို့က သင်တန်းသားများအား စာရေးကိရိယာများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က လူကုန်ကူးမှုဖြစ်ပွားနိုင်သည့်အကြောင်းအရင်းများ၊ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းကာ သင်တန်းဆရာများက သင်တန်းကိုဆက်လက်ပို့ချဆွေးနွေးကြသည်။
အဆိုပါသင်တန်းကို စက်တင်ဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သက်ဆိုင်ရာဌာနအကြီးအကဲများက လူကုန်ကူးမှုနှင့်ပတ်သက်သည့် သင်ခန်းစာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်