လိပ်သို စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေး ကူးစက်ပြန့်ပွားမှုလျော့ကျစေရေးနှင့် ပြည်သူများ အိုမီခရွန်ရောဂါ ပိုးကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ဌာနဆိုင်ရာများမှ Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လိပ်သိုမြို့ဝင်ဂိတ်နှင့် လူစည်ကားသည့်နေရာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လိပ်သိုမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော် ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့အတွင်းရှိ သွားလာနေသူပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါမျိုးကွဲ BA.4 နှင့် BA.5 ရောဂါပိုးကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန်၊ နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေးပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းမရှိ သွားလာသူများအား Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)