ဘားအံ စက်တင်ဘာ ၁၇
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ကရင်ဇုန်)တို့ ကြီးမှူး၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်း(၄)မျိုးနှင့် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်း(Barrier Free Tourism) ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ Than Lwin Paradise Hotel တွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်သည် လှပသော ရေမြေ တောတောင်သဘာဝများ၊ ကရင်တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ခရီးသွားလုပ်ငန်းအရင်းအမြစ်များ ကြွယ်ဝသော ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသ တစ်ခုဖြစ်ပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ကောင်းမွန်သည့်ဝန်ဆောင်မှုများ စနစ်တကျဖြည့်စွမ်းပေးနိုင်ရေးအတွက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်း(၄)မျိုးကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်ဆက်တည်း ပြည်တွင်း/ပြည်ပ မသန်စွမ်းခရီးသွားအတွက် အတားအဆီးမဲ့ သွားလာလည်ပတ်နိုင်ရေး ကောင်းမွန်သည့်ဝန်ဆောင်မှုပေးနိုင်ရေးအတွက် အဟန့်အတားမဲ့ ခရီးသွားလုပ်ငန်း(Barrier Free Tourism) ဝန်ဆောင်မှု သင်တန်း ကိုပါထည့်သွင်းဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချ ပေးခဲ့သည့် သင်ခန်းစာများကို မိမိတို့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချ၍ ပြည်နယ်၏ဂုဏ်ကို တက်စေမည့်ဟိုတယ်နှင့် တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှုအရည်အသွေးကောင်းများစွာ ပေးစွမ်းနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်တို့က သင်တန်းများတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြု လက်ဆောင်များပေးအပ်ကာ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးသက်လင်းက သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းများကို ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၁၆ ရက်နေ့ထိ ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဧည့်ခံကျွေး မွေးရေးသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်မှုသင်တန်းနှင့် အဟန့်အတားမဲ့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုဆိုင်ရာသင်တန်းများတွင် သင်တန်းသား/သင်တန်းသူ ၁၀၈ ဦးတက်ရောက်ခဲ့ကြကာ ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍတိုးတက်ရေးနှင့် လိုအပ်သောလူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးနိုင်ရေး ဝန်ဆောင်မှုအဆင့်အတန်းများ တိုးတက်ကောင်းမွန်ပြည့်စုံစေရေးနှင့် ဒေသတွင်း လူငယ်/လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)