အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲဆောင်ရွက်

အုတ်တွင်း စက်တင်ဘာ   ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲကို မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ညောင်ပင်ကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ ဆောင်ရွက်ရာ တွင်  မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ဒေသဖွံ့ဖြိုးတိုးတက်စေရေး  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဆွေးနွေးပေးခဲ့ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး မင်းအောင်က ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် အကြောင်းအရာများအား ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ပြီး၊ မိဘပြည်သူများကလည်း လိုအပ်သည်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍စိုက်ပျိုးရေး ဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးက သုံးသီးစိုက်ပျိုးမည့် အစီအစဉ်နှင့် နေကြာ သီးညှပ်စိုက်ပျိုးနည်းစနစ်၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး နည်းစနစ်၊ တစ်ဧကကုန်ကျစရိတ်လျော့ချ နည်းပညာအကြောင်းအရာအားလည်းကောင်း၊ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိန်ဝင်းက ဆည်မြောင်းလုပ်ငန်းနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် သက်ဆိုင်ရာဦးစီးဌာန အသီးသီးကလည်း အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း အသိပညာပေးဆွေး နွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ် ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)