ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မူလတန်းအဆင့် ပန်းချီဆွဲ ပြိုင်ပွဲကျင်းပ

ဖောင်းပြင် စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၁၀နာရီအချိန်က မူလတန်းအဆင့် ကျောင်းသာ၊ ကျောင်းသူများအတွက် ပန်းချီဆွဲပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးပြီး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါဌာနမှ တာဝန်ရှိသူက ပြိုင်ပွဲနှင့်ပတ်သက်၍ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး အလားတူပြိုင်ပွဲများကို ပြုလုပ်ပေးသွားမည့်အစီအစဉ်များနှင့် ဆုများ ချီးမြှင့်ပေးသွားမည့်အစီအစဉ်များကို ပြောကြားကာပြိုင်ပွဲကို ကျင်းပခဲ့သည်။

ပြိုင်ပွဲနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်ဦးက “ကျွန်မတို့ဌာနအနေနဲ့ ပြည်သူတွေအသိပညာဗဟုသုတရရှိရေးအတွက် ကဏ္ဍပေါင်းစုံကနေ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း အသိပညာဗဟုသုတများရရှိရေး၊ ယှဉ်ပြိုင်လိုတဲ့ စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရေး၊ လူအများအကြားမှာ ပြောရဲဆိုရဲတဲ့ စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရေးအတွက် စာအုပ်စာစောင်ပြပွဲ၊ ကာယ၊ ဉာဏပြိုင်ပွဲများကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ယခုလိုပြုလုပ်ပေးခြင်းအားဖြင့် ကျွန်မတို့ဌာနနဲ့ ရင်းနီးကျွမ်းဝင်ပြီးတော့ ဌာနမှာ အခမဲ့ငှားရမ်းဖတ်ရှုနိုင်တဲ့ စာအုပ်စာပေတွေကို ကလေးတွေအနေနဲ့ ဖတ်ရှုချင်၊ ဖတ်ရှုနိုင်တဲ့ အခွင့်အလမ်းတွေရရှိလာမှာဖြစ်ပါတယ်။” ဟု ပြောကြားသည်။

ထိုပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန်သူများကို ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ပေးကာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို နှစ်သိမ့်ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)