ဘားအံ စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများ ရှာဖွေဖတ်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတ/ရသ စာအုပ်/စာစောင် များကို စဉ်ဆက်မပြတ် အခမဲ့ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အ-ထ-က(ခွဲ-၂)ကျောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်သစ်တောဦးစီးဌာနတို့တွင် စာအုပ်စာစောင်များအား အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရန်၊ ဗဟုသုတတိုးပွား စေရေးအတွက် စသည့် ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားပြီးနောက် သုသ/ရသ စာအုပ်စာပေ (၁၀၁)အုပ်အား အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်အနေဖြင့် ကျောင်းသား/သူများအား အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်းအပြင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသခံပြည်သူများအတွက် အသိပညာဗဟုသုတတိုးပွားစေရေးအတွက် Online မှတစ်ဆင့် Talk Show အစီအစဉ်များကို ရိုက်ကူးထုတ် လွှင့်ပေးခြင်းကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)