မုံရွာ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၀/၂၀၂၂)ကို ယမန်နေ့နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအနေဖြင့် ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအပြင် လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းအတွင်း သြဂုတ်လမှစ၍ ရောဂါပိုးကူးစက်မှု၊ စစ်ဆေးတွေ့ရှိမှု များပြားလာပြီး သေဆုံးမှုအချို့ရှိလာသည့်အတွက် ယနေ့အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ် ပါကြောင်း၊ ကူးစက်မှုများမပြန့်ပွားရန်နှင့် ဖြစ်ပေါ်လာပါက အချိန်မီကာကွယ်ကုသနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ မြို့နယ်များမှ တာဝန်ရှိသူများကလည်း Mask ကမ်ပိန်းများပြုလုပ်ခြင်း၊ သက်မှတ်စည်းမျဉ်းစည်းကမ်း များအတိုင်း နေထိုင်သွားလာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ရောဂါကူးစက်မှုကျဆင်းရေး၊ ကာကွယ်ဆေးများ ရာနှုန်းပြည့်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းများကို တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံ ပြီးစီးသည့် မြို့နယ်များရှိသလို ကျန်ရှိနေသည့် မြို့နယ်များကိုလည်း တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ ရာနှုန်းပြည့်ထိုးနှံပြီးစီးအောင် ကြပ်မတ်၍ ပေါင်းစပ်ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင်လည်း ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကိုလည်း ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ပူးပေါင်းဆောင်ရွက်ကာ ဆေးထိုးနှံမှုလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီ၏ သက်မှတ်ညွှန်ကြားချက်များအညီ တိုင်းဒေသကြီးအစိုးအဖွဲ့အနေဖြင့် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါကူးစက် မှုမြင့်တက်နေသည့် ကားဂိတ်၊ လေဆိပ်၊ ဘူတာရုံ၊ ဈေးများနှင့် ဈေးဝယ်စင်တာအားလုံးတွင် ပြည်သူများအနေဖြင့် မဖြစ်မနေ Mask တပ်ဆင်ကြရန် တာဝန်ရှိသူ အားလုံးက ပညာပေးခြင်းလုပ်ငန်းများ၊ Mask ကမ်ပိန်းများ ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိတို့ဖြင့် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးအောင် ညှိနိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကော်မတီဝင်များနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက နေ့စဉ်ရောဂါပိုးစစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား သတ်မှတ် လျာထားချက် ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ အောက်ဆီဂျင် ထုတ်လုပ်နိင်မှု အခြေ အနေများ၊ Quarantine Center နှင့် Positive Center ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကူးစက်မှုလျော့ချရေး ဆောင်ရွက်နေမှုလုပ်ငန်းများအား အရှိန်လျော့ချ မသွားအောင် ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အောက်ဆီဂျင်လိုအပ်ချက်ထက် ကျော်လွန်ထုတ်လုပ်နိုင်ပြီးဖြစ်၍ တာဝန်ရှိသူအားလုံးအနေဖြင့် လုံခြုံရေးအသိ၊သတိတို့ဖြင့် လုပ်ငန်းများဆောင်ရွက်သွားကြရန် ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး လွှတ်တော်ရုံးအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ လွှတ်တော်ရုံး ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ အိမ်ထောင်စု စာရင်းများအား Main Server အတွင်းသို့ အပြီးသတ်ရာနှုန်းပြည့် ထည့်သွင်း နေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရိ မြို့နယ် - ၃၇ မြို့နယ်မှ အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ ၆၆/၆ အိမ်ထောင်စု- ၁၂၉၆၀၀၅ စုအား Main Server အတွင်းသို့ ထည့်သွင်းခြင်း လုပ်ငန်းများကို စက်တင်ဘာလ - ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် အပြီးသတ်ရာနှုန်းပြည့် ထည့်သွင်းပြီးစီးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)