ပဲခူး စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအုပ်စုရှိ တောင်သူ(၁၁)ဦးပိုင် တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀) စပါးမျိုး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်အတွင်း မျိုးကွဲနုတ်ပယ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးမည့် တောင်သူများ၊ မျိုးစပါးနှင့် စံပြကွက်စိုက်တောင်သူများအတွက် ဓာတ်မြေဩဇာ အမြန်ဆုံးခွဲဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ကျွဲ/နွားနှင့် ဒေသကြက်မွေးမြူသူများအတွက် တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက် အစားထိုးသုံးစွဲနိုင်ရေးအတွက် နေဗီယာမြက် စိုက်ပျိုးနည်း အသိပညာပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ပုကိုင်တာပေါ်ရှိ တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးယွန်းကြီး ရေပိုလွှဲတည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ ရေပိုလွှဲဆိုင်ရာအချက်အလက်များအား ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုကိုင်တာ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မြေထိန်းနံရံများ ထိန်းသိမ်းစောင့်ရှောက်ရန်၊ မိုးယွန်းကြီးအင်းသည် ကမ္ဘာ့ရေတိမ်ဒေသဖြစ်၍ ရေတံခါးမှ ရေထုတ်ရာတွင် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် နွေစပါးရေရရှိရေး အကျိုးရှိရှိ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဝေါ-အင်းတိုင်စုလမ်း ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ဝေါမြို့နယ်၊ ပြွန်စု အခြေခံပညာ မူလတန်းလွန်ကျောင်းသို့သွားရောက်ကာ စာသင်ခန်းများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာသင်ခုံလိုအပ်ချက်၊ အဆင့်မြင့်ကလေးကစားကွင်းနှင့် ထောက်ပံ့ငွေများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့၊ မြို့မဈေးအတွင်း ဈေးရောင်း ချနေသည့် ဈေးသည်မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myancopharm) ထပ်ဆောင်း Booster ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း ဈေးသူ/ဈေးသားများ အထူးလိုက်နာဆောင်ရွက်ကြရန်၊ လမ်းမကြီး ဧရိယာအတွင်း ကျူးကျော်ဈေးရောင်းချမှု မရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းကျုံး သဘာဝရေပြင်အတွင်းသို့ သဘာဝငါးမျိုး မျိုးတုန်းမှုမရှိစေရေး ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ငါးခုံးမကောင်ရေ(၂)သိန်းနှင့် ငါးမြစ်ချင်းကောင်ရေ(၂)သိန်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)