ကလေး စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးမြို့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ နိုင်ငံ့ဝန်ထမ်းအသက်အာမခံလုပ်ငန်းဆိုင်ရာ သိမှတ်ဖွယ်ရာဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က မိမိတို့ဌာနတွင် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ပြည်သူများနှင့် ဌာနအတွင်းရှိဝန်ထမ်းများကို အသိပညာ ဗဟုသုတများ ပိုမိုပြည့်စုံ ကြွယ်ဝလာနိုင်စေရန် ကျင်းပခြင်းဖြစ်ကြောင်း ဦးစွာဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးခရိုင် မြန်မာ့အာမခံလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးငြိမ်းက နိုင်ငံဝန်ထမ်းများ အသက် ၁၈ နှစ်မှ ၅၇ နှစ်အတွင်း အာမခံထားရှိနိုင်သည့် အာမခံသက်တမ်း၊ နှစ်အလိုက် ကန့်သတ်ချက်များ၊ ခံစားခွင့်များ၊ အာမခံထားရှိခြင်းဖြင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ အကျိုးခံစားခွင့်တွင် မပါဝင်သောအချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများမှ သိရှိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာ စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့်စာဖတ်ဝိုင်း၊ အသိပညာပေးဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကလေး(ပြန်/ဆက်)