မင်းဘူး စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ ပြည်သူများ ဗီဇပြောင်း ကိုဗစ် - ၁၉ အိုမီခရွန်ရောဂါ ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် နေအိမ်ပြင်ပသွားလာရာ၌ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေး ပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက မင်းဘူးမြို့မစည်ပင်သာယာဈေးအနီး ကုလားကုန်းပေါင်းထိပ် မြို့တွင်းမိန်းလမ်းမကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ရေး ကျန်းမာရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို မင်းဘူးခရိုင်ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်တို့၏ ဦးဆောင်မှုဖြင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သော အင်အား ၆၅ ဦးဖြင့် မြို့မစည်ပင်သာယာဈေးအနီး ကုလားကုန်းပေါင်းထိပ် မြို့တွင်းမိန်းလမ်းမကြီးတွင် စုရပ်ပြုလုပ်၍ မြို့တွင်းဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ် စီးနင်းသွားလာသူများ ၊ ခရီးသည်ပို့ဆောင်ရေးယာဉ်များ၊ ကုန်တင်ယာဉ်ကြီးများကို ရပ်တန့်စေပြီး ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုကင်းဝေးစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကြိုတင်ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များကို အလေးထားလိုက်နာဆောင်ရွက်သွားရန်နှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုအား ခံယူကြရန်စသည့် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေတပ်ဆင် ပေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က မင်းဘူးမြို့ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး သက်ကြီးဘိုးဘွားများအား ကျန်းမာရေးအသိပညာပေး ဆွေးနွေးပြောကြားပြီး ကိုဗစ် - ၁၉ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပါးစပ်နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ ပါးစပ်နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ပြည်သူလူထု ပူးပေါင်းပါဝင် တိုက်ဖျက်နိုင်ရေးအတွက် အပတ်စဉ် အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရကာ ယနေ့လူထုလှုပ်ရှားမှု Mask Campaign အဖြစ် ပါးစပ်နှာခေါင်းစည်းအခုရေ ၁၃၅၀ အခမဲ့ ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြောင်း မင်းဘူးခရိုင်ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
မင်းဘူးခရိုင်ပြန်/ဆက်