မကွေး စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၄)နာရီအချိန်က တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏ ဦးဆောင်မှုဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြသွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများနည်းတူ သက်ကြီးရွယ်အိုဦးရေ တိုးတက်မှုနှုန်းသည် အလျင်အမြန်ပြောင်းလဲလျက်ရှိပြီး သက်ကြီးရွယ်အိုဦးရေ တိုးတက်များပြားလာမှုသည် ပြောင်းလဲလာသည့် မိသားစုနေထိုင်မှုစနစ်အရ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာခြင်းနှင့် လူတစ်ဦးချင်းစီ၏ မျှော်မှန်းသက်တမ်း မြင့်တက်လာမှုတို့ကြောင့်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း သက်ကြီးသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နိုင်ရေးအတွက် သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး နေ့စဉ်လူနေမှုဘဝ အထောက်အကူဖြစ်စေရန်နှင့်သေချာသော ပုံမှန်ဝင်ငွေရရှိစေရန် ရည်ရွယ်ပြီး တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် ငွေကြေးထောက်ပံ့ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးဒေါ်ခင်သူဇာက ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)