ဘားအံ စက်တင်ဘာ ၁၆
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်နေထိုင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သော ကျွမ်းကျင်မှုကိုအခြေခံသည့် ဂဟေဆက်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်(ကွက်သစ်)ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီက ကြီးမှူး၍ ပြည်နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကော်မတီနာယက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းမှသင်ကြားပို့ချပေးခဲ့ သောသင်ခန်းစာများကို သေချာစွာလေ့လာမှတ်သားအသုံးချ၍ လုပ်ငန်းခွင်အမြန်ဝင်ရောက်နိုင်ရန် ကြိုးစားအားထုတ်ပြီး မိမိဒေသ၊ ရပ်ရွာ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ သယ်ပိုးဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့၏လူမှုပတ်ဝန်းကျင်တွင် ပြန်လည်အသုံးချနိုင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့်လူမှုဘဝ တိုးတက်ရေးတို့တွင် များစွာအထောက်အကူပြုမည်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းများကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏စိတ်ကူး၊ စိတ်သန်း၊ အကြံဉာဏ်များ ဖြည့်စွက်တီထွင်ကြံဆလုပ်ကိုင်ခြင်းဖြင့် ယခင်ကထက်တစ်ဦးချင်းဝင်ငွေများ ပိုမိုမြင့်မားလာမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပို့ချချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်လူမှုရေးဝန်ကြီးဦးစိုးလွင်က သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းဆင်းသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ သင်တန်းဆင်း သင်တန်းသားများ၏ ဂဟေဆက်လက်ရာများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီအနေဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဂဟေဆက်သင်တန်း(၂)ကြိမ် သင်တန်းသား ၅၇ ဦး၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း(၁)ကြိမ် သင်တန်းသား ၂၀ ဦး ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းဆင်းများသည် လုပ်ငန်းခွင်နယ်ပယ်အသီးသီးတွင် အလုပ်အကိုင်များ ဝင်ရောက်လုပ်ကိုင်နေကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)